GCSE, IGCSE နဲ့ A Level အကြောင်း
Published Year:
By: Karl

နိဒါန်း
နိုင်ငံခြားမှာကျောင်းတက်ဖို့ပြင်ဆင်ကြတဲ့အခါ GCSE, IGCSE, A Level စတဲ့စကားလုံးတွေကိုအများကြီးတွေ့ရကြားရပါလိမ့်မယ်။ ဒီစကားလုံးတွေကတကယ်တော့ UK နိုင်ငံပညာရေးကိုအခြေခံထားတဲ့ကမ္ဘာ့အသိအမှတ်ပြုအဆင့်မြင့်စာမေးပွဲတွေကိုရည်ညွှန်းထားတာပဲဖြစ်ပါတယ်။
GCSE ဆိုတာဘာလဲ?
GCSE (General Certificate of Secondary Education) ဆိုတာ UK နိုင်ငံကအလယ်တန်းအဆင့် Secondary School ပြီးတဲ့အချိန်မှာ(အသက် ၁၄ နှစ်မှ ၁၆ ဝန်းကျင်ကြား) ကျောင်းသား/သူတွေဖြေဆိုရတဲ့စာမေးပွဲဖြစ်ပြီး၊အောင်မြင်တဲ့အခါရရှိတဲ့လက်မှတ်တစ်မျိုးဖြစ်ပါတယ်။
GCSE မှာကျောင်းသား/သူတွေကကြိုက်နှစ်သက်ရာဘာသာရပ်အမျိုးမျိုးကိုရွေးချယ်လေ့လာခွင့်ရကြပြီး၊ အခြေခံပညာရေးကျွမ်းကျင်မှုတွေနဲ့ပညာရပ်နယ်ပယ်အသစ်တွေကိုစူးစမ်းလေ့လာနိုင်အောင်ရည်ရွယ်ထားတာဖြစ်ပါတယ်။ အဓိကသင်ကြားရမယ့်ဘာသာရပ်တွေကတော့အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သဘာဝသိပ္ပံဘာသာရပ်တွေအပြင် သမိုင်း၊ ပထဝီ၊ နိုင်ငံခြားဘာသာစကား၊ အနုပညာ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံစတဲ့ဘာသာရပ်တွေအထိရွေးချယ်သင်ယူနိုင်ပါတယ်။
GCSE ရဲ့အမှတ်ပေးစနစ်က ၉ (အမြင့်ဆုံး) မှ ၁ (အနိမ့်ဆုံး) အထိဖြစ်ပါတယ်။ GCSE ဖြေဆိုအောင်မြင်ပြီးသွားလျှင် A Level၊ Vocational Program သို့မဟုတ်အခြားသောတက္ကသိုလ်ဝင်ခွင့်နှင့်ညီတဲ့ advanced qualifications များအတွက်ဆက်လက်တက်ရောက်နိုင်ပါတယ်။
IGCSE ဆိုတာဘာလဲ?
IGCSE (International General Certificate of Secondary Education) ကတော့ GCSE ကိုမှအပြည်ပြည်ဆိုင်ရာဗားရှင်းပုံစံဖြစ်ပါတယ်။ IGCSE ကို UK နိုင်ငံပြင်ပ UK GCSE စနစ်နဲ့ မတူညီတဲ့နိုင်ငံတွေကကျောင်းသား/သူတွေအတွက်ပြုလုပ်ထားပေးတာဖြစ်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်အဖြစ်အသုံးပြုနိုင်ဖို့ရန်အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။
IGCSE မှာဘာသာရပ် ၇၀ ကျော်အထိရွေးချယ်လို့ရပြီး၊ အခြေခံဘာသာရပ်တွေအပြင် Business, IT, Global Perspectives စတဲ့ နိုင်ငံတကာဆိုင်ရာဘာသာရပ်တွေအထိပါဝင်ပါတယ်။ အင်္ဂလိပ်ဘာသာရပ်ဖြင့်သင်ကြားရသော်လည်းနိုင်ငံတကာကျောင်းသား/သူတွေသင်ယူရလွယ်ကူအောင်ဒီဇိုင်းရေးဆွဲပေးထားတာဖြစ်ပါတယ်။ IGCSE ရဲ့အမှတ်ပေးစနစ်ကလဲ ၉ (အမြင့်ဆုံး) မှ ၁ (အနိမ့်ဆုံး) အထိဖြစ်ပါတယ်။
IGCSE အောင်မြင်ပြီးပါက A Level, International Baccalaureate (IB) သို့မဟုတ်အခြားသောတတက္ကသိုလ်ဝင်ခွင့်နဲ့ညီတဲ့ advanced qualifications တွေအတွက်ဆက်လက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
A Level ဆိုတာဘာလဲ?
A Level (Advanced Level) ဆိုတာ GCSE/IGCSE ပြီးတဲ့နောက် ၁၆ ကနေ ၁၈ နှစ်အရွယ်ကျောင်းသား/သူတွေတက်ရောက်ရတဲ့တက္ကသိုလ်ဝင်ခွင့်အဆင့်မြင့်အတန်းတွေဖြစ်ပါတယ်။ A Level ဟာကမ္ဘာ့အခက်အခဲဆုံးအဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေထဲကတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာကအသိအမှတ်ပြုခြင်း၊ လေးစားခြင်းခံရတဲ့လက်မှတ်တစ်ခုလဲဖြစ်ပါတယ်။
A Level ကို ၂ နှစ်တာသင်ကြာရပြီး၊ ကျောင်းသား/သူတွေကမိမိစိတ်ဝင်စားတဲ့ဘာသာရပ် ၃ – ၄ ခုကိုနက်နက်နဲနဲရွေးချယ်လေ့လာနိုင်ပါတယ်။ GCSE သို့မဟုတ် IGCSE နဲ့မတူညီပဲ A Level မှာကျောင်းသား/သူတွေကမိမိစိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုနက်နက်နဲနဲအထူးပြုသင်ယူနိုင်မှာဖြစ်ပါတယ်။ ဥပမာဆေးတက္ကသိုလ်တက်ချင်သူများက Biology, Chemistry, Math စတဲ့ဘာသာရပ်တွေကိုအထူးပြုရွေးချယ်နိုင်သလို၊ ဥပဒေနဲ့ဆိုင်တဲ့ဘာသာရပ်ကိုလေ့လာချင်သူများကအင်္ဂလိပ်စာ၊ သမိုင်း၊ နိုင်ငံရေးစတဲ့ဘာသာရပ်တွေကိုအထူးပြုရွေးချယ်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
A Level ကကမ္ဘာအနှံ့အပြားမှာအသိအမှတ်ပြုထားခြင်းခံရတဲ့အဆင့်မြင့်လက်မှတ်ဖြစ်ပြီး၊ တက္ကသိုလ်တက်ရောက်နိုင်ဖို့အတွက်အဓိကအရေးပါပါတယ်။ A Level ကို United Kingdom, United States, Canada, Australia, Singapore စတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံအများစုကတက္ကသိုလ်တွေမှာဝင်ခွင့်လက်မှတ်တစ်ခုအနေဖြင့်အသိအမှတ်ပြုလက်ခံကြပါတယ်။ A Level မှာအမှတ်ကောင်းကောင်းရထားခြင်းကလဲ Ranking မြင့်တဲ့တက္ကသိုလ်များတွေမှာတက်ရောက်နိုင်ဖို့အခွင့်အလမ်းတွေပိုများစေပါတယ်။
နိဂုံးချုပ်
အကျဉ်းချုပ်ပြန်ပြောပြရမယ်ဆိုရင်
• GCSE က UK နိုင်ငံ Secondary School အဆင့်ပြီးချိန်မှာတက်ရောက်ဖြေဆိုရတဲ့စာမေးပွဲဖြစ်ပါတယ်။
• IGCSE က နိုင်ငံတကာကျောင်းသားတွေအတွက် ဒီဇိုင်းလုပ်ထားတဲ့ International GCSE ဗားရှင်းဖြစ်ပါတယ်။
• A Level က တက္ကသိုလ်ဝင်ခွင့်အတွက်ဖြေဆိုရတဲ့အဆင့်မြင့်စာမေးပွဲဖြစ်ပါတယ်။