တက္ကသိုလ်တွေရဲ့ World Ranking ဆိုတာဘာလဲ? Ranking တွေကိုဘယ်လိုမျိုးတိုင်းတာကြတာလဲ?
Published Year: 2/6/2025
By: Karl

.
နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ကျောင်းတွေရွေးချယ်ရတဲ့အခါ QS world rankings, Times Higher Education world rankings စသဖြင့်တက္ကသိုလ်တွေက Ranking ဘယ်လောက်ရှိကြတယ်ဆိုတဲ့ပြောဆိုသံတွေကိုကြားဖူးပါလိမ့်မယ်။ သို့ပေမယ့် World Ranking ဆိုတာဘာလဲ? ဘယ်လိုစံနှုန်းတွေပေါ်မှာမူတည်ပြီးတိုင်းတာကြသလဲဆိုတာတော့ဝေဝါးနေတတ်ပါတယ်။ ဒီ Content မှာ World Ranking ဆိုတာဘာလဲ? Ranking တွေကိုဘယ်လိုမျိုးတိုင်းတာကြသလဲစတဲ့အကြောင်းအရာတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်။
World University Ranking ဆိုတာဘာလဲ?
လွယ်လွယ်ပြောရရင်တော့တက္ကသိုလ်တစ်ခုရဲ့ World Ranking ဆိုတာအဲ့ဒီတက္ကသိုလ်ကကမ္ဘာပေါ်မှာအဆင့်ဘယ်လောက်ရှိသလဲဆိုတာကိုဖော်ပြပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ World Ranking ကိုတူညီတဲ့စံနှုန်းတစ်ခုအပေါ်မှာမူတည်ပြီး ကမ္ဘာပေါ်မှာရှိတဲ့တက္ကသိုလ်တွေကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဥ်ပြီးနှစ်စဥ်အဆင့်သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုရဲဂုဏ်သိက္ခာ၊ အရည်အသွေးကောင်းမှု၊ မကောင်းမှုတို့ကို World Ranking အပေါ်ကြည့်ပြီးအကြမ်းဖျင်းတိုင်းတာနိုင်ပါတယ်။
လူသိများတဲ့ World Ranking အမျိုးအစားတွေကတော့
• QS World University Rankings
• Times Higher Education (THE) Rankings
• Academic Ranking of World Universities (ARWU / Shanghai Rankings) တို့ပဲဖြစ်ပါတယ်။
World Ranking ကိုဘယ်ပေတံနဲ့တိုင်းတာကြတာလဲ?
World Ranking အမျိုးအစားပေါ်မူတည်ပြီးတော့တက္ကသိုလ်တွေကိုဘယ်လို Ranking လုပ်ကြသလဲဆိုတာအနည်းငယ်ကွဲပြားမှုရှိပါတယ်။ ပုံမှန်ယေဘုယျအားဖြင့်တော့အောက်ပါအချက်တွေပေါ်မူတည်ပြီး Ranking သတ်မှတ်ကြပါတယ်။
1. ပညာရေးဂုဏ်သိက္ခာ (Academic reputation)
ကမ္ဘာတဝှမ်းမှာရှိတဲ့ပါမောက္ခတွေနဲ့ပညာရှင်တွေကတက္ကသိုလ်တစ်ခုကိုဘယ်လောက်ထိယုံကြည်မှုရှိသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။ ဒီတိုင်းတာချက်ကိုဘယ်တက္ကသိုလ်တွေကအရည်အသွေးမြင့်မားတဲ့သင်ကြားမှုစနစ်တွေနဲ့သုတေသနတွေပြုလုပ်နေကြသလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးပညာရှင်များကိုမေးမြန်းထားတဲ့ Survery အချက်အလက်ပေါ်အခြေခံပြီးဆုံးဖြတ်ကြတာဖြစ်ပါတယ်။
2. အလုပ်ရှင်တွေရဲ့ယုံကြည်မှု (Employer reputation)
Employer တွေကဘယ်တက္ကသိုလ်ကထွက်လာတဲ့ကျောင်းသူကျောင်းသားတွေကိုပိုပြီးတန်ဖိုးထား၊ အလုပ်အတွက်ခေါ်ယူချင်ကြသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။
3. ဆရာနှင့်ကျောင်းသားအချိုးအစား (Faculty-to-student ratio)
တက္ကသိုလ်တစ်ခုမှာဆရာဦးရေဘယ်လောက်ရှိပြီး၊ ကျောင်းသားဦးရေဘယ်လောက်ရှိသလဲစတဲ့ဆရာဦးရေကိုကျောင်းသားဦးရေနဲ့ နှိုင်းယှဉ်ထားချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ Ranking မြင့်တဲ့တက္ကသိုလ်အများစုဟာသာမန်တက္ကသိုလ်များထက်ဆရာကျောင်းသားအချိုးအစားများကြပါတယ်။ ဆရာကျောင်းသားအချိုးအစားများခြင်းကကျောင်းသားတစ်ဦးချင်းဆီကိုပိုမိုဂရုစိုက်နိုင်စွမ်းရှိတယ်လို့ယူဆကြပါတယ်။
4. နိုင်ငံခြားသားကျောင်းသားအချိုးအစား (International student ratio)
တက္ကသိုလ်မှာနိုင်ငံသားကျောင်းသားနဲ့နိုင်ငံခြားသားကျောင်းသားအချိုးအစားဘယ်လောက်ရှိသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာပါတယ်။ နိုင်ငံခြားသားကျောင်းသားအချိုးအစားများတဲ့တက္ကသိုလ်တွေက International Culture နဲ့ ပိုမိုထိတွေ့ပေးနိုင်စွမ်းရှိပြီး၊ Global mindset တည်ဆောက်ဖို့ အထောက်အကူဖြစ်စေတဲ့လို့ယူဆကြပါတယ်။
5. နိုင်ငံခြားသားဆရာများ (International Staff)
တက္ကသိုလ်မှာနိုင်ငံခြားသားဆရာ၊ဆရာမတွေဘယ်လောက်များသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ နိုင်ငံခြားသားဆရာများခြင်းက Multicultural Acaemic Experience ကိုပေးစွမ်းနိုင်ပြီး၊ Globally Connected ဖြစ်မှုကိုလည်းအထောက်အကူပြုနိုင်တယ်လို့ယူဆကြပါတယ်။
6. Citations per faculty
တက္ကသိုလ်တစ်ခုကပြုလုပ်ထားတဲ့သုတေသနစာတမ်းတွေကိုအခြားသောသုတေသနပြုလုပ်သူများကအကြိမ်အရေအတွက်ဘယ်လောက်များများ cite လုပ်ထားသလဲ (အသုံးပြုထားသလဲ) ဆိုတဲ့အချက်ပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။ Citation များခြင်းကတက္ကသိုလ်ရဲ့သုတေသနအရည်အသွေးမြင့်မားနေတယ်လို့ဆိုနိုင်ပါတယ်။
7. သုတေသနပြုလုပ်နိုင်မှု (Research Output)
တစ်နှစ်အတွင်းမှာတက္ကသိုလ်တစ်ခုကနေသုတေသနစာတမ်းတွေကိုဘယ်လောက်အထိပြုလုပ်နိုင်သလဲ၊ ပြုလုပ်ထားတဲ့စာတမ်းတွေကိုရောပညာရေးနယ်ပယ်မှာဘယ်လောက်အထိပြန်လည်အသုံးပြုခြင်းခံရသလဲဆိုတာပေါ်မူတည်ပြီးတိုင်းတာကြပါတယ်။
Source
QS Quacquarelli Symonds. (2023). QS World University Rankings: Methodology. [online] Available at: https://support.qs.com/hc/en-gb/articles/4405955370898-QS-World-University-Rankings [Accessed 2 Jun. 2025].
Times Higher Education (THE). (2023). World University Rankings 2024: Methodology. [online] Available at: https://www.timeshighereducation.com/world-university-rankings/world-university-rankings-2024-methodology [Accessed 2 Jun. 2025].