နိုင်ငံတကာငွေပေးချေမှုတွေပြုလုပ်နိုင်တဲ့ Visa နဲ့ MasterCard အကြောင်း
Published Year:
By: Karl

၁။ နိဒါန်း
Visa နဲ့ MasterCard ဆိုတာကမ္ဘာအနှံ့မှာအသုံးအများဆုံးငွေပေးချေတဲ့ကွန်ယက်နှစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၀၀ ကျော်အတွင်းမှာငွေပေးချေမှုတွေပြုလုပ်နိုင်ပါတယ်။ ဒီငွေပေးချေနိုင်တဲ့ Card တွေကို Visa သို့မဟုတ် MasterCard လို့ခေါ်ပေမဲ့၊ တကယ်တမ်းကျရင်တော့ Visa နဲ့ MasterCard ကုမ္ပဏီအဖွဲ့အစည်းနှစ်ခုကနေ Card တွေကိုတိုက်ရိုက်ထုတ်ပေးတာမျိုးမဟုတ်ပါဘူး။ ဘဏ်များနဲ့တခြားသောငွေကြေးအဖွဲ့အစည်းတွေက Visa သို့မဟုတ် MasterCard နှင့်ပူးပေါင်းပြီး Debit, Credit, Prepaid စသဖြင့်နိုင်ငံတကာငွေပေးချေနိုင်တဲ့ကဒ်အမျိုးမျိုးကိုထုတ်ပေးတာပဲဖြစ်ပါတယ်။
၂။ Visa နဲ့ MasterCard ကဘာတွေလဲ?
Visa နဲ့ MasterCard ကမိမိရဲ့ဘဏ်နဲ့ငွေပေးချေမယ့်လုပ်ငန်းသို့မဟုတ်ဝန်ဆောင်မှုတွေအကြားချိတ်ဆက်ပေးတဲ့ပေါင်းကူးတံတားတစ်ခုနဲ့တူပါတယ်။ ငွေပေးချေမှုတစ်ခုပြုလုပ်တဲ့အခါ၊ Visa နဲ့ MasterCard ကမိမိပေးချေလိုက်တဲ့ငွေတွေကို၎င်းတို့ကွန်ယက်တွေကနေတစ်ဆင့်လုပ်ငန်းစုတွေဆီကိုလုံခြုံစွာရောက်ရှိသွားအောင်စီမံဆောင်ရွက်ပေးပါတယ်။
Card ပေါ်မှာ Visa သို့မဟုတ် MasterCard ဆိုတဲ့လိုဂို Logo ရှိပြီး၊ လုပ်ငန်းစုတွေက Visa သို့မဟုတ် MasterCard ငွေပေးချေမှု Payment ကိုလက်ခံလျှင်

• ကမ္ဘာတဝှမ်းက Visa နဲ့ MasterCard ငွေပေးချေမှု (Payment) ပြုလုပ်လို့ရတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်
• ငွေလွှဲမှုကကမ္ဘာလုံးဆိုင်ရာစနစ်တစ်ခုနဲ့ လုံခြုံစွာလည်ပတ်သွားမှာဖြစ်ပါတယ်
• အွန်လိုင်း (Online Payment) ငွေပေးချမှုနဲ့၊ ဆိုင်အတွင်း (in-store Payment) နှစ်မျိုးလုံးမှာသုံးလို့ရပါတယ်။
Card အမျိုးအစား ၃ မျိုး
• Debit Card – မိမိရဲ့ဘဏ်အကောင့်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီးငွေပေးချေမှုပြုလုပ်လိုက်တိုင်းဘဏ်ထဲမှငွေများဖြတ်သွားပါမယ်။ အကယ်၍ဘဏ်ထဲမှာငွေပေးချေဖို့ငွေမလုံလောက်ပါကငွေပေးချေမှုမအောင်မြင်ဖြစ်ပါမယ်။
• Credit Card – ဘဏ်မှငွေချေးပေးပြီးသတ်မှတ်ထားသည့်ရက်ရောက်လျှင်
ငွေပြန်ဆပ်ရပါမယ် (သတ်မှတ်ရက်မတိုင်ခင်မဆပ်လျှင်အတိုးငွေပေးရပါမယ်)
• Prepaid Card – ကြိုတင်ငွေသွင်းပြီးမှသာအသုံးပြုနိုင်ပါမယ်။ မိမိသွင်းရှိထားသောငွေပမာဏကိုသာသုံးနိုင်ပါမယ်
၃။ Visa နဲ့ MasterCard ဘာအတွက်ကြောင့်အသုံးပြုရတာလဲ?
Visa နှင့် MasterCard က လုံခြုံပြီးလွယ်ကူစွာငွေပေးချေမှုတွေလုပ်ဆောင်ရန်အတွက် အဓိကအသုံးပြုတတ်ပါတယ်။
အဓိကအသုံးပြုမှုများ
• အွန်လိုင်းမှဝယ်ယူမှု – Amazon, eBay, AliExpress စသဖြင့်အွန်လိုင်းမှငွေပေးချေမှုများပြုလုပ်ရန်
• ဆိုင်များမှဝယ်ယူမှု – စူပါမားကတ်၊ စားသောက်ဆိုင်၊ ဆိုင်တော်တော်များများမှာငွေစက္ကူအသုံးပြုစရာမလိုပဲ (Cashless) ငွေပေးချေရန်
• ခရီးသွားခြင်းနှင့် Booking ပြုလုပ်မှု – နိုင်ငံတကာမှာလေယာဉ်လက်မှတ်၊ ဟိုတယ်၊ ကားငှားခြင်းစသည်တို့အတွက်ငွေပေးချေမှုပြုလုပ်ရန်
• Subscription ပေးချေမှု – Netflix, Spotify, Google Play, Apple Store စသဖြင့် Subscription ပေးချေမှုပြုလုပ်ရန်
• ATM ငွေထုတ်ခြင်း – Visa/MasterCard လိုဂိုပါတဲ့ ATM များမှငွေသားထုတ်ယူနိုင်ရန်
၄။ Visa နှင့် MasterCard ကို ဘယ်လိုအသုံးပြုရမလဲ?
Card ရယူခြင်း
Myanmar နိုင်ငံမှဘဏ်များမှအပြည်ပြည်ဆိုင်ရာငွေပေးချေမှုပြုလုပ်နိုင်တဲ့ Visa/MasterCard များထုတ်ပေးပါတယ်။
Card ဖွင့်ပြီး Activate လုပ်ခြင်း
Card လက်ခံရရှိပြီးနောက်၊ ATM သို့မဟုတ် Mobile Banking App မှ PIN သတ်မှတ်ရပါတယ်။ Online Payment လုပ်မယ်ဆိုရင်အွန်လိုင်းငွေပေးချေမှု function ကိုဖွင့်ထားရပါမယ်။
ဆိုင်တွင် ငွေပေးချေခြင်း
Visa/MasterCard လိုဂိုပါတဲ့ ဆိုင်များတွင် Card ထည့်ပြီး PIN ရိုက်ထည့်ရန် (သို့) လက်မှတ်ရေးထိုးရန် လိုအပ်သည်။
Tap Logo ပါလျှင်ငွေယူစက်ပေါ်ကဒ်ထိလိုက်ခြင်းဖြင့်လဲငွေရှင်းနိုင်ပါတယ်။
အွန်လိုင်းဝယ်ယူမှု
အွန်လိုင်းမှငွေရှင်းမှုပြုလုပ်မည့်အခါ Checkout မှာ Card Payment ရွေးပြီးလျှင် Card Number, Expiry Date, CVV ရိုက်ထည့်ရပါမယ်။ ထို့နောက် OTP/SMS Code ကျလျှင် Code ဖြင့်အတည်ပြုပေးရပါမယ်။
ATM ငွေထုတ်ခြင်း
Visa/MasterCard လိုဂိုပါတဲ့ ATM တွင် Card ထည့်ပြီး PIN ရိုက်ကာ ငွေထုတ်နိုင်သည်။
၅။ မိမိရဲ့ကဒ်ကိုလုံခြုံစွာအသုံးပြုနိုင်ဖို့ CONNECT မှပေးသောအကြံဉာဏ်
• အခကြေးငွေ (Fee) တွေကိုစစ်ဆေးပါ – နိုင်ငံတကာငွေပေးချေမှုမပြုလုပ်ခင်ငွေလွှဲနှုန်းနှင့် service fee တွေကိုသေချာစစ်ဆေးပါ
• လုံခြုံစွာသုံးပါ – Public Wi-Fi တွေပေါ်မှာငွေပေးချေမှုမလုပ်ပါနဲ့
• Card Detail တွေကိုမမျှဝေပါနဲ့ – PIN, CVV များကိုတခြားသူများနှင့်မမျှဿနဲ့
• Transaction Alert ဖွင့်ထားပါ – သုံးစွဲသည့်အခါတိုင်း SMS သို့မဟုတ် App Notification Alert လုပ်ထားပါ
• အရေးပေါ်အတွက် Backup Method - ကဒ်နဲ့ငွေရှင်းမှုပြုလုပ်လို့မရတဲ့အခါအဆင်ပြေစေဖို့ငွေသားဆောင်ထားပါ
နိဂုံး
Visa နဲ့ MasterCard ကကမ္ဘာတဝှမ်းမှာငွေပေးချေမှုတွေပြုလုပ်တဲ့အခါအဓိကသုံးတဲ့ Payment Tool တစ်ခုဖြစ်ပြီး၊ ငွေပေးချေမှုကိုလွယ်ကူ၊ လျင်မြန်၊ လုံခြုံစေပါတယ်။ သုံးနည်းနဲ့ လုံခြုံမှုနည်းလမ်းများ သိပြီး အသုံးချမယ်ဆိုရင် သင်ရဲ့ Shopping, Travel, Subscription အားလုံးကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။