ပြည်ဝင်ခွင့် Visa ဆိုတာဘာလဲ၊ နိုင်ငံခြားသွားဖို့အလိုအပ်ဆုံးအရာတစ်ခု။
Published Year:
By: Karl

၁။ Visa ဆိုတာ ဘာလဲ?
Visa ဆိုတာမိမိရဲ့နိုင်ငံကူးလက်မှတ် Passport စာမျက်နှာပေါ်မှာထည့်ပေးထားတဲ့နိုင်ငံခြားသို့ သွားရောက်ရန်တရားဝင်ခွင့်ပြုထားတဲ့စာတမ်း(သို့)အမှတ်တံဆိပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်နိုင်ငံခြားသို့ဝင်ခွင့်လက်မှတ်လို့လည်းယူဆနိုင်ပါတယ်။ Visa မရှိလျှင်နိုင်ငံအများစုကပြည်ဝင်ခွင့်မပေးကြပါဘူး။

ဒါကတော့နိုင်ငံကူးလက်မှတ်စာမျက်နှာပေါ်မှ UK Visa တံဆိပ်ကိုကိုးကားရန်ရည်ရွယ်ချက်ဖြင့်ပြသထားခြင်းဖြစ်ပါတယ်။
Visa အမျိုးအစားများ
- ခရီးသွား Visa (Visit Visa) – နိုင်ငံခြားသို့အလည်အပတ်သွားရန်၊ မိတ်ဆွေ၊ မိသားစုဝင်များနှင့်တွေ့ဆုံရန်
- ကျောင်းသား Visa (Student Visa) – နိုင်ငံခြားတွင်ပညာသင်ကြားရန်
- အလုပ် Visa (Work Visa) – နိုင်ငံခြားတွင်အလုပ်လုပ်ရန်
- Transit ပြောင်းရန် Visa (Transit Visa) – လေယာဥ် Transit ပြောင်းရန်
- အမြဲတမ်းနေထိုင်ခွင့် Visa (Permenant Residence Visa) – နှစ်ရှည်လများအခြေချနေထိုင်ရန်
၂။ ဘာကြောင့် Visa လိုအပ်တာလဲ?
နိုင်ငံတိုင်းမှာမိမိရဲ့ကိုယ်ပိုင်နယ်နမိတ်နဲ့နယ်နမိတ်အတွင်းဝင်ထွက်သွားလာခြင်းနှင့်ပတ်သက်တဲ့စည်းမျဉ်းတွေရှိပါတယ်။ ပြည်ဝင်ခွင့်လက်မှတ် Visa က
• နိုင်ငံအတွင်းဝင်ရောက်လာသူများကိုထိန်းချုပ်နိုင်ရန်
• ခရီးသွားသူတို့ရဲ့အဓိကရည်ရွယ်ချက်ကိုစစ်ဆေးနိုင်ရန်
• ငွေကြေး၊ ကျန်းမာရေး၊ လုံခြုံရေးစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမူရှိမရှိအတည်ပြုနိုင်ရန်အတွက်ကူညီပေးပါတယ်။
သတိပြုရန် – မိမိကိုင်ဆောင်ထားသောနိုင်ငံကူးလက်မှတ်နှင့်သွားရောက်မည့်နိုင်ငံပေါ်မူတည်ပြီးပြည်ဝင်ခွင့် Visa ကင်းလွတ်ခွင့်ရှိခြင်း၊ မရှိခြင်းဖြစ်နိုင်ပါတယ်။ ဥပမာမြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည်အာဆီယံနိုင်ငံများသို့အလည်အပတ်သွားရန် Visa ကင်းလွတ်ခွင့်ရရှိပါတယ်။
၃။ နိုင်ငံခြားထွက်ရန်လုပ်ဆောင်ရမည့်အဆင့်များ
အဆင့် ၁ – သွားလိုသည့် နိုင်ငံရွေးချယ်ပါ
သွားလိုသောနိုင်ငံကိုရွေးပြီးလျှင် Visa လိုအပ်ချက်များကိုစစ်ဆေးပါ။
အဆင့် ၂ – Visa အမျိုးအစားရွေးချယ်ပါ
သွားရောက်မည့် ရည်ရွယ်ချက်အရ Visa အမျိုးအစားကိုရွေးချယ်ပါ။
အဆင့် ၃ – လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပါ
ယေဘုယျလိုအပ်ချက်များ –
• အနည်းဆုံး ၆ လ သက်တမ်းကျန်ရှိသော Passport
• Visa လျှောက်လွှာဖောင်
• ဓာတ်ပုံ
• ငွေကြေးအထောက်အထား
• ဖိတ်ကြားစာ/စာမူ (ကျောင်းလက်ခံစာ)
• ခရီးစဉ်အစီအစဉ်
အဆင့် ၄ – လျှောက်လွှာတင်ပါ
Online (သို့) သက်ဆိုင်ရာသံရုံးမှာလျှောက်လွှာတင်ပါ။
အဆင့် ၅ – လူတွေ့မေးမြန်းစစ်ဆေးခြင်း Interview (လိုအပ်ပါက)
အချို့သော Visa အမျိုးအစားများမှာလူတွေ့မေးမြန်းစစ်ဆေးခြင်း Interview လိုအပ်နိုင်ပါတယ်။
အဆင့် ၆ – စောင့်ဆိုင်းခြင်း
လျှောက်လွှာစီစစ်သည့်အချိန်မှာရက်သတ္တပတ်မှလများထိကြာရှည်နိုင်ပါတယ်။
အဆင့် ၇ – Visa လက်ခံခြင်း
ပြည်ဝင်ခွင့်ခွင့်ပြုချက်ရပြီးနောက်Passport အတွင်းမှာအမှတ်တံဆိပ်ထည့်ပေးသလို (သို့) Online ဖြင့်လည်း Digital Visa ပေးနိုင်ပါတယ်။